အားပေးသူမရှိခဲ့ပေမယ့် ကဲ့ရဲ့သူတစ်ချို့ကြားမှာ ကိုယ့်အထာ ကိုယ့်စတိုင်လ် အချိုးတွေနဲ့ စကားလုံးတွေ ထုဆစ်ကြည့်မိတယ်။ ဘယ်သူ့ဘယ်သူ့အပေါ်မှ ယုတ်မာလိုစိတ်မရှိသလို ယုတ်မာတာလဲ မရှိခဲ့ဖူး။
တစ်ခါတစ်ရံ ပေါတောတောတွေ တင်တော့လဲ အရူးတစ်ကောင်လို့ထင်။ သူသူ ငါငါ ပျော်ပါစေ ကူညီလိုစိတ် သာ ရှိတာမို့ အရူးထင်လည်း အရူးပဲပေါ့လေ။
နာမ်စားတွေ သုံးလို့ မျက်နှာများသည် ထင်လျှင်ထင်မည်။ အလွမ်းစာစု ထုဆစ်မိလို့ အသည်းကွဲသည် ထင်လျှင်ထင်မည်။ မျက်နှာများဖို့ မဆိုလေနှင့်ဦး အသည်းကွဲဖို့ဝေးလို့ ချစ်သူဆိုတာ ဘာလဲ မေးရမည့်သူပင်။ သို့တည်းဆို မိန်းမကင်းသူလော မေးနိုင်။ ကျွန်တော့် ပုဆိုးက အမြဲတမ်းပြဲနေခဲ့သည် ဆို နားလည်မည်ထင်။ ဟုတ်တယ်ဗျ အိတ်ပေါက်နဲ့ ဖားကောက်မြဲ ကောက်နေဆဲပါပဲလေ......
ဆောင်းက အေးမြနေပေမယ့် နှင်းတွေ မဝေတော့ဘူး။ မျက်ရည်တွေနဲ့ သက်သေတွေလည်း ပြစရာ မလိုတော့လို့ ကျွန်တော့်နှလုံးသားကို တာနောယက္ခ အဖြစ် ရေးထားလိုက်တယ်။
ကျေးဇူးပြု၍ သံယောဇဉ်အတုကို မာယာတွေနဲ့ ဆေးခြယ်ပြီးတော့ မဝင်လာကြပါနဲ့...သံယောဇဉ်ကြီးတဲ့ အရိုင်းအစိုင်း ကျွန်တော့်ရင်ဘတ်ကို စုတ်ချက် ကြမ်းကြမ်းကြီးတွေ တိုက်စားခံရတဲ့ အရသာကို ကြောက်လို့ပါ။
အသိဥာဏ်ရှိတဲ့ လူသားအဖြစ်နဲ့ မေတ္တာတွေ အလွယ်မယိုခဲ့ သလို သစ္စာတွေ မပြိုအောင် မျက်စိ၊နားတွေ အသာပိတ်ရင်း အသိလေးနဲ့ အသက်ရှူနေတာတောင် လင်္ကာ ရသ ရတု ရကန် လေးချိုး ဒွေးချိုးတွေကို မြှူမှုန်သာသာ လေ့လာ မိသေးတယ်။
တစ်နေ့ ကျရောက်လာမယ့် ကျွန်တော့်အလှည့် မှာ ခံစားချက်စစ်တွေကို စကားလုံးတွေနဲ့ ထုဆစ်ဖို့လေ...
ကျွန်တော်ပြောတဲ့ ကျွန်တော့်အလှည့်ဆိုတာ.......
ငါဆိုတာမရှိသလို သူဆိုတာလဲ မတည်မြဲတဲ့ လူ့ဘဝ ခဏတာမှာ အသာရတာတွေ ထုတ်ကြွားပြီး ဆင်းရဲ၊ ချမ်းသာနဲ့ ရုပ်ရည်တွေခွဲ လို့....
စက်၊မီး၊မြေမြှုပ် ကြိုက်သလိုလုပ် မြေဆီဖြစ်လာမယ့် ခန္ဓာပိုင်ထားတာတောင် မာနတွေ အမြင်မတော်အောင် ထောင်ပြသူတွေကြားက ကျွန်တော်လေ......
မေတ္တာတွေ အလွယ်ယို သစ္စာတွေ ပြိုချင်တိုင်း ပြိုတဲ့ လူတွေကြားမှာ မျက်ရည်စစ်စစ်တွေ လွင့်စင်ကျတာ ဒီဘက်ခေတ်ပျက် (လူတွေဖျက်လို့ ပျက်လာတဲ့ခေတ်)မှာ သဘာဝ ဆိုရင်.....
ကျွန်တော်ပြောတဲ့ ကျွန်တော့်အလှည့်
သေချာပေါက်
ကျွန်တော့် အလှည့် ရောက်လာမှာပါ...
A crashing bore boy
No comments:
Post a Comment