Father & mother, I am lazy boy.
အဖေနဲ့အမေရေ.... ကျွန်တော် လူပျင်းလေးပါ...
ရေပိုက်ခေါင်းကို ဖွင့်ထားတာတောင် ၂ရက်၊ ၃ရက်လောက် ရေကျမလာတာ မြဇေယျာ(C) ဆောင်ရဲ့ အုတ်ကန်ထက်က ရေပိုက်ခေါင်းပဲ ...
အိမ်သာတက်ချင်စိတ်ကို ထိန်းလို့ ရေကျလာမလားလို့ ပျင်းရိစွာ ငဲ့ကြည့်မိတယ်....အဖေရယ်....
အသက်ကို ၅မိနစ်တခါ အောင့်လိုက်တိုင်း သေဆုံးဖို့ ၅မိနစ် နောက်ဆုတ်ပေးမယ်ဆိုရင် ခဏခဏ အသက်အောင့်မိမှာဘဲ.... အမေရယ်....
ဒါပေမယ့် .......
ပိတ်ထားပေမယ့် တစိမ့်စိမ့်နဲ့ ယိုဖိတ်သွားတဲ့ ရေပိုက်ခေါင်းစုတ်က အချိန်တွေ.......
လူဆိုတာ မွေးပြီးရင် သေဆုံးဖို့စတင်ခဲ့တာ ဆိုပေမယ့် ပိတ်ထားတဲ့ ပိုက်ခေါင်းစုတ်က တအိအိ စိမ့်ယိုနေတဲ့ အဖေနဲ့ အမေရဲ့ အချိန်စက်လေး ကျွန်တော်ပြုစုဖို့ ဘယ်လောက်များ ကျန်နေမလဲလို့ ပျင်းရိစွာ ပူပန်မိတယ်...အဖေနဲ့အမေရယ်.....
ဟောဒီဆောင်းတွင်းမှာ လတ်ဆတ်နေတဲ့ မှုံမှိုင်းထုံထိုင်းမှုက ဟောင်းနွမ်းနေတဲ့ ဟောင်းနွမ်းနေတဲ့ အိပ်ယာအောက်က ကျွန်တော့်ကို လှောင်နေတယ် အဖေ.......
*သား.... အေးတဲ့အခါ ကျောင်းသွားဖို့ ပျင်းရိပြီလား? အိပ်ယာထဲက ထပြီး ပတ်ဝန်းကျင်ကိုကြည့်စမ်းပါ။ လူတချို့ စွပ်ကျယ်လေးတွေနဲ့ အလုပ်လုပ်နေကြတယ်ကွ။ အေးတာ သူတို့ မသိတော့ဘူး။ လုပ်စရာရှိတာကို စိတ်ပါလက်ပါ လုပ်ကြည့်စမ်း အေးတာ ပူတာ မင့်စိတ်ထဲက ပျောက်သွားလိမ့်မယ်*
ဆောင်းနံနက်ခင်း ၃း၃၀ အချိန်မှာ စစ်ကိုင်း_မန္တလေး ဘုရာကြီး လမ်းတစ်လျှောက် လှုပ်ရှားသွားလာသူ တွေက ၈နာရီကျော်မှ လူးလိမ့်ထတဲ့ ကျွန်တော့်ကို ပျင်းပျင်းရိရိနဲ့ လှောင်သလိုပဲ အဖေရယ် .....
ကျွန်တော့် ခန္ဓာကိုယ် အဖော်၃ဦးနဲ့ အမေ မွေးထုတ်ပေးခဲ့တာတောင် မနေ့ကကျန်တဲ့ ထမင်းကျန်၊ ဟင်းကျန်လို တွေးတောစဉ်းစားမှု နုံချာသိမ်ဖျင်းခဲ့တော့ အမေ့ထည့်ပေးလိုက်တဲ့ လောဘ၊ဒေါသ၊မောဟ ဆိုတဲ့ အဖော်၃ဦးကလဲ တခါတရံ အဖော်မဲ့ခဲ့တော့ ပျင်းတယ်.. ..အမေရယ်.......
လေပြေမလာ လေပြင်းလဲ မတိုက်သလို အချက်မပြဘဲ အတ္တမုန်တိုင်းတွေ မတိုက်ချင်ပါဘဲ ပျင်းပျင်းရိရိနဲ့ တိုက်ခတ်ခဲ့မိတယ်....အဖေရယ်.....
ပူပူလောင်လောင် ခန္ဓာကိုယ်ကို အေးချမ်းမှု မြဲစေရော့ရယ်လို့ ဓမ္မ စာအုပ်ကို အဖော်ပြုရင်း ဖြစ်တည်ပျက်စီး ခြင်းအကြောင်းတရား ကြားမှာ ပေးဆပ်ရမလား?၊ ရယူနိုင်မလား?
ဒါကိုပျင်းတယ်လို့ခေါ်ပြီး facebook မှာ status တင်တော့ တချို့က လှောင်ပြောင်ကြတယ် အမေရယ်.....
မှားမှန် ခွဲခြားမှုမရှိတဲ့ စာတိုတွေ၊ စိတ်ရိုင်းတွေ မွေးမြူတတ်တဲ့ အကျင့်တွေ၊ လူတချို့ရဲ့ ထင်မြင်ချက်တွေကို အမျှဝေပြီး သာဓုခေါ်လိုက်တယ် အဖေ.......
အကြောင်းပြချက်လား? ဆင်ခြေလား?
စာမေးပွဲ တစ်ခုဆိုတာ အရူးတွေမေးခွန်းကို ပညာရှိတွေ ဖြေရတာတဲ့ .........
ပျင်းရိခြင်းကို ဖက်တွယ်ပြီး နှစ်ကြိမ်ထပ် ရှင်းလင်းချက်မှား ပုစ္ဆာ တစ်ပုဒ်ကို အဖြေရှာရင်း.......
ကျွန်တော် ခပ်ညံ့ညံ့လူပျင်းတစ်ယောက်များ ဖြစ်နေပြီလား အဖေနဲ့အမေရယ်......
No comments:
Post a Comment