အမေရေ.......
အများမပြောခဲ့ပေမယ့် အမေအမြဲပြောခဲ့တဲ့`သားချော´
ကျူးခဲ့အပြစ်တွေကို ခွင့်လွှတ်ပါနော်
ရာဇဝင်မှာ ရတုစာဆို ဘုရင်တွေလို
သား ပမာတင်ကာ မပြောနိင်ပေမယ့်
အမေများနေ့မှာ အမေ့တွက် စာခြယ်မှုန်းချင်တယ်အမေရယ်......
သားမွေးနေ့ဆို ချစ်အမေကတော့
ပန်းမံသစ်သီး ဘောဇဉ်မီးနှင့်
ဆွမ်းပွဲအမယ်မယ် အချိုပွဲအသွယ်သွယ်ကို
ရှင်တော်ဘုရားနှင့် ရွာဦးဆရာတော်ထံမှာ
ကပ်လှူပေးရင်း သားချောနေကောင်း
ဆုတွေတောင်းလို့ ပီတိတွေနဲ့
ငိုနေမလားရယ် တွေးမိလေတိုင်း
သားလည်း မျက်ရည်ဝိုင်းတယ် အမေရယ် ....
မျှော်လင့်စရာ အနာဂတ်အတွက်
လူထဲမှာ လူပီသနေဖို့
အမေနဲ့အဖေရယ် ညီ ညီမလေးတွေ
အပြုံးမျက်နှာပေမယ့် ပါးပြင်ထက်က
ပူးနွေးနွေး စမ်းချောင်းကို လက်နဲ့ပွတ်သပ်တားဆီးရင်း
မြို့ကြီးကို ပညာသင်စေခဲ့တယ်နော်...
ဒါပေမယ့် သားချော မေမေတို့ကို
တစ်ရက်မှမမေ့ခဲ့ပါဘူး .. အမေရယ်.....
့
အမေ......
လောကသဘာဝရဲ့ ရှုပ်ယှက်ခတ်မှုတွေကို
မျက်ခြေဖြတ်ချင်ရုံနဲ့တော့
အမေ့ရဲ့မျက်လုံးတွေ
မှုန်ဝါးချင်ယောင်မဆောင်ပါနဲ့
ဆူဆူညံညံ အသံဗလံတွေ
မကြားနာချင်ရုံနဲ့တော့
အမေ့နားအာရုံတွေ
ထုံထိုင်းချင်ယောင်မဆောင်ပါနဲ့
ဘဝတစ်လျှောက်လုံး
လောကဓံရိုက်ချက်တွေ ကို
ရိုက်ချိုးကန်ထုတ်ခဲ့တဲ့
အမေ့ခြေဆစ်လက်ဆစ်တွေ
သားတို့အဆင်ပြေသွားပြီ ဆိုရုံနဲ့
"အမေအိုပါပြီကွယ်"လို့
အရှုံးမပေးလိုက်ပါနဲ့ ဦးအမေ.....
အမေ.......
သားမိုက်စဉ်က ရင်နင့်စွာနဲ့
ငိုကြွေးခဲ့ဖူးလားဟင်??
သားကိုမွေးစဉ် အမေ့ရဲ့နာကျင်မှုတွေကို
သားရဲ့ငိုသံလေးနဲ့ လှဲလှယ်ပျော်ခဲ့ဖူးလိမ့်မယ်....
တစ်ခါတစ်ရံတော့
သားရဲ့ မုသားစကားတွေအောက်မှာ
အမေပျော်ဝင် ကျေနပ်သွားခဲ့ဖူးတယ် အမေရယ်.....
အမေ.....
ပျော်ရွှင်ပါစေ
သား မဆိုးပေတော့ပါဘူး
နောင်တ တရားတွေနဲ့ ကျေးဇူးဆပ်ပါ့မယ်အမေ
အမေဖြစ်စေချင်တဲ့ ဘဝရတော့မယ်အမေ
အဲ့အခါ.....အမေ့ရွာလေးဆီ ပြေးလိမ့်ရင်း
သားလေ........
အမေ ခြေအဆုံမှာ
မျက်နှာလည်းအပ် ခေါင်းလည်းအပ်လို့
ရင်မှာလေ ဂါရဝတရားတွေနဲ့
သား ပြန်လာပြီး .....
အားရအောင် ကန်တော့ချင်စမ်းတယ် မေမေရယ်........
No comments:
Post a Comment