Saturday, February 18, 2017

ကာရန်​မညှိ၊ ကဗျာမသိ၊ နှလုံးသားက အဆန်​မရှိ

ကာရန်မညှိ၊ ကဗျာ မသိ၊ နှလုံးသားက အဆန်မရှိ

ကာရန် မဖွဲ့သလို၊ ကဗျာလိုလည်း နွဲ့မနေဘူးဗျာ။ ခင်ဗျားတို့ လုပ်ဖူးတာနဲ့ ကျွန်တော် လုပ်ချင်ရာကိုပဲ ပြောရရင်.......

*နှစ်လွှာပေါင်းမှ တစ်ရွက်တဲ့၊* ခင်ဗျား စာအုပ်ကြားထဲ ညှပ်ခဲ့ဖူးလား? နှစ်ကိုယ်ယှဉ်လို့ ဘဝကိုယဉ်ဖို့ သူ့ သဏ္ဍာန်လို ကာရန်တွေများ ညှိခဲ့ချင် ညှိခဲ့ဖူးလိမ့်မယ်။
နားရှင်းပါ့မလားပဲ?
စွယ်တော်ရွက်လေး ဖြစ်ချင်ခဲ့ဖူးလိမ့်မယ် လို့ ပြောတာ....
ကျွန်တော်ရော..........?
ဟင်းချိုတော့ ချက်သောက်ဖူးတယ်ဗျ။ အရမ်းချိုတယ်။ စိမ်းဖန့်ဖန့်အရောင်၊ ချိုမြမြ အရသာနဲ့။ မယုံ စမ်းကြည့်လေ...

*တူနှစ်ကိုယ် ညောင်ညိုရိပ် မှေးစက်လို့အိပ်မယ်။*ဟုတ်စ???
ညောင်ညိုဆိုတော့ ဗုဒ္ဓဘာသာ တစ်ယောက်အတွက်တော့ တရားသဘော ပါသလိုလို.....
ကျွန်တော် ပြောသံကြားတာက ညောင်ရွက်သုပ်က အတော်လေး ကောင်းဆိုပဲဗျ.......

*ပင်လယ်ပြာ သောင်ခြေမှာ ချစ်သူနဲ့ ပုံတွေ ရေးခြစ်ချင်တယ်* ဟုတ်စ??
ခင်ဗျား ပုံတွေ ရေးခြစ်သလို ပုစွန်ကင်တော့ စားချင်သားဗျာ....

ဟော.... ဟိုမှာ.....
လက်ပံပွင့်တွေ
*နွေဦးပေါက်လို့ လက်ပံပွင့်ချိန်မှာ
လေအတိုက် ကြွေလိုက်တာ လေထဲမှာ လွင့်လွင့်ပြီး ဝေ့နေရင် ခင်ဗျား လွမ်းသလိုလို၊ နမ်းသလိုလို* ခံစားဖူးချင် ခံစားဖူးမယ်....
ကျွန်တော် စဉ်းစားမိတာက အပင်အောက်က အပွင့်လေးတွေကောက် ပြုတ်ပြီးများ တို့လိုက်ရရင်တော့ဗျာ......

*တောင်တောရယ်သာ၊ မာလာက ငုံဖူး* မှတ်မိမယ်ထင်တယ်။ ဆရာက ဘာသင်လဲတော့ မမှတ်မိတော့ဘူး။ တွေးမိတာက...
အငုံအဖူး၊ ကြုံတုန်းမှာ အသာချွတ်လို့ ၊ဟင်းလုပ်မည်ကြံ။
တင်းစကား ဆိုချင် ဆိုပ၊ ဆားနယ်ကာ အငုံသုပ်ပြီး ရေနွေးကြမ်းနှင့် ခဲတော့မည်ကွယ်...

*မောင်နှံ နှစ်ဖြာ ခုနစ်ရက်ခြားလို့ ငိုအားတွေပို*သလို ခင်ဗျားတို့ ငိုအားပိုခဲ့ဖူးချင် ပိုခဲ့ဖူး ပေမယ့်
ကျွန်တော်တော့ ခုထိ ကိုယ့်ဝမ်းစာ ကိုယ် ရှာမစားနိုင်ခဲ့ဖူး....

*တူနှစ်ကိုယ် တဲအိုပျက်မှာ နေရနေရ*လို့ ခင်ဗျားတို့ တဇွတ်ထိုး နိုင်ခဲ့ဖူးချင် နိုင်ခဲ့မယ်.....
ကျွန်တော်ကတော့.....
တူနှစ်ကိုယ် တဲအိုပျက်မှာ မနေရဖို့။
မောင်နှံစုံ ထမင်းဆိုင် အတူတူ ဖွင့်မယ်၊ အိမ်ထဲမှာရောင်း.....။
(အိမ်ထဲမှာပဲ ရောင်းမည်ဖြစ်ကြောင်း...:-P :-P :-P )

ကဲကဲ......

အမျိုးဆွေ သာတကာ အပေါင်းရယ် အိုကွယ် လာခဲ့ပါ ဖိတ်ခေါ်တယ် ၊ အ၀စား မေတ္တာဖိုးငွေ ပေးရမည် ဖြစ်ကြောင်း ...... :-P :-P :-P

ဝန်ခံချက်# စကားလုံးအများကို ဖတ်ဖူးသည်များမှ ယူသုံးထားသည်။

No comments:

Post a Comment