မင်းဆီမရောက်ဖြစ်တဲ့ စာ...
နေကောင်းရဲ့လား???
နွေဦးပေါက် လေကငြိမ်နေတယ်
စိတ္ကေတာ့ မၿငိမ္ဘူး။
သစ်ပင်တွေ အသစ်ပြောင်းဖို့
ရွက်ဟောင်းတွေ ခါထုတ်နေကြပြီ
ကိုယ်လဲ ပြောင်းလဲခြင်းကို လက်ခံဖို့
တိတ်တိတ်လေး ပြင်ဆင်နေပါတယ်။
တစ်နေ့အချစ်ပန်း ပွင့်လာနိုးနဲ့
မိုးကိုမျှော် ပျိုးကာထားမိတဲ့ အိမ်မက်တွေ
ပူပူလောင် မျက်ရည်စက်တွေ ဖြန်းမိလို့
ညှိုးနွမ်းသွားပြီဆိုပေမယ့်
တံခါးခေါက်သံ မကြားရတဲ့ ရင်ခုန်သံတွေနဲ့
အတိတ်ကိုတော့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသေးတယ်။
မင်း....အဆင်မပြေဘူးလား???
တစ်ခုခုကို ကိုယ်တို့တွေ စွဲလမ်းမိပြီဆိုတာ
တစ်ချိန်ချိန်မှာ တစ်ခုခုကို စွန့်စားဖို့
အချက်ပြတာ မဟုတ်လား??
ကိုယ်တို့တွေ ရင်ဘတ်ချင်းညှိလို့
စုတ်ချက်ကြမ်းကြမ်းကြီးတွေနဲ့ ခြယ်သခဲ့တဲ့ ပန်းချီကား
အရောင်တွေပြန်စစ်လို့ အရည်အသွေးတွေ ခွဲခြားချင်ပြီလား?
မင်းချခဲ့တဲ့ ဆေးစက်တွေက ယုံကြည်မှု မပါခဲ့ဘူး ထင်တယ်
မင်း မျှတမှုတွေ ပျောက်ဆုံးနေပြီလား?
လောကရဲ့ အမှန်တရား၊ စစ်မှန်မျှတမှု
ရှာဖွေရင်း.......ရှာဖွေရင်းနဲ့.....
ရင်ဘတ်တွေသာ ဟောက်ပတ်ပတ် ဖြစ်လာတယ်
နေ့တွေက တောက်ပမလာခဲ့ဘူး။
ပြောပြောဆိုဆိုပဲ...... ဟော ..ဟိုက
သစ်ပင်ထက် ရွက်ရော်တွေ ကြွေကျနေတယ်
အို.... တို့စိတ်တွေလဲ ရော်ရွက်ကြွေတွေလို
ကြွပ်ဆတ်ဆတ်တွေ ဖြစ်ကုန်ပါရောလား?
ပြစ်မှုကျူးကျူး မကျူးကျူး ရှေ့နေတွေ ယှဉ်ပြိုင်ကြရင်း
တရားစီရင်မှု အတုတွေနဲ့
အမှန်တရား၊ ယုံကြည်မှုနဲ့ အဆိပ်ခွက်
အိုး.... ဘာလို့များ
ဆော့ခရတ္တိက သေလမ်းကို ရွေးချယ်သွားတယ် မင်းထင်လဲ?
ဆင်ခြင်တုံတရားကို အကြမ်းဖက်မှုအရေခြုံ
ကျည်ဆံတွေနဲ့ ဘဝကို ဖောက်ခွဲခံ
လူ့ယဉ်ကျေးမှုဆိုတာ ဒုက္ခသည် စခန်းတွေ တိုးလာဖို့လားဆို?
ဖရိုဖရဲ အပျက်အစီးတွေ ၊ ယမ်းငွေ့ မီးခိုးမှုန်ကြား
သွေးစက်စက်ယိုလို့ ငိုဖို့မေ့လောက် အံ့သြမင်သက်နေတဲ့ ကလေးတွေ
မင်းသနားသလို ကိုယ်ပညာသင်ပေးချင်တာ သိနိုင်ပါစေ
မင်းပြောဖူးတာကို နွေဦးပေါက် ဥသြက သီဆိုပြတယ်
ခေတ်ကြီးက မာန်ပါပါပြေးသလို
လူတွေကလည်း အပြောင်းအလဲမြန်ကြတယ် ဆို
ဒါပေမယ့်လည်း..........
စိတ်ဓာတ်တွေ ယိုယွင်းနေတဲ့ လူတွေကြားမှာ
မနက်ဖြန်တွေအတွက်...
ဟန်ချက်မပျက်အောင် ရပ်နိုင်တယ်ဆိုရင်
ကျေနပ်ပြီလို့ ခံယူကြည့်ပါလား?
မင်းရော.... ကိုယ့်ကိုယ် သတိရနေလား?
ငါ့သတိရခြင်းတွေကတော့
ဒီနှစ်ဆောင်းလိုပဲ လမ်းဟောင်းပေါ်ကြီးအတိုင်း
ပြက္ခဒိန် ပေါ်တက်ပြီး ဖေဖေါ်ဝါရီ ကို ဖြတ်သန်းနေကြပြီ........
No comments:
Post a Comment