ငါဆိုတဲ့ မာနရှင်မသို့
ခဏတာ ဆုံကြတာကို ဘဝဟာ ကြာလှပြီထင်
ငါဆိုတဲ့ မာန်တွေဝင် ဘဝင်တွေကခိုက်
စိတ်ရိုင်းတွေက ခန္ဓာမှာ စွဲကပ်လို့
ငါ ဟုတ်လှပြီ။ ငါတော်လှပြီ။ ငါတတ်လှပြီ။
ငါ..... ငါ..... ငါ...... ငါ.......
ငါသေသွားရင်......
ငါ မဟုတ်ဘူး။ ငါ မရှိဘူး။ ဘယ်မှာလဲ ငါ လို့
ငါ့ကိုယ်ငါ ပြန်ရှာမရမှာ ကြောက်တယ်
ငါသေသွားရင်.. ....
ရုပ်ခန္ဓာ ပုပ်ပွလာတဲ့အခါ
လူတွေ နှာခေါင်းရှုံ့  ကြတာ မမြင်ရမှာကြောက်တယ်
မြေမြှုပ်တော့ ပိုးလောက်အစာ ငါ့ခန္ဓာ
မီးရှို့တော့ ငါက ပြာ
ဂူသွင်းတော့ မသာကောင်ထက်မပို
ဒီအတွေးပျောက်လို့ အတ္တဝင်မှာလဲ ကြောက်တယ်
မသေခင် ခဏတာလေးမှာ.......
ငါဆိုတဲ့ မာန တည့်တံ့ဖို့ ငါဆိုတဲ့အတ္တနဲ့ကြားကန်
လူကို လူလိုမမြင်မိမှာကြောက်တယ်
အသက်ရှိစဉ် ဓမ္မမှာမပျော်
ကုသိုလ်မဲ့လို့ မာန်စွယ်မကျခဲ့ရင်
ဧကန်မုချ အပ္ပါယ်ကြွရမှာလဲ ငါကြောက်တယ်
No comments:
Post a Comment