Thursday, December 22, 2016

ကျွန်တော်ရယ် ၊ ငတိမရယ် ၊ The End ရယ် ငတိမလေးကပြောတယ်... `အချစ်ဆိုတာ ပူနွေးမွှေးကြိုင်နေတဲ့ ကော်ဖီ တစ်ခွက်ပါပဲ´တဲ့...... ကျွန်တော် သုံးဆောင်ကြည့်တယ်... အေးသွားတဲ့အခါမှာ ခါးသက်လာတယ်။ ငတိမလေး ထပ်ပြောပြန်တယ်..... `အချစ်ဆိုတာ နူးညံ့လွန်းတဲ့ ဝါဂွမ်းထဲမှာ အပ်စိုက်ထားသလိုပဲ သေချာ ကိုင်တွယ်ရတယ်´တဲ့..... ကျွန်တော် မကိုင်တွယ်တော့ ကိုယ့်​ကိုယ်​ကို ပြန်စူးခံခဲ့ရတယ်။ ငတိမလေး နောက်ထပ် ပြောပြန်တယ်... `အချစ်ဆိုတာ သဲပွင့်တွေနဲ့တူတယ်။ ပိုင်ဆိုင်လိုမှု ပြင်းပျပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခဲ့ရင် ကိုယ့်လက်ထဲ ထွက်ကြကုန်တတ်တယ်´ တဲ့...... ကျွန်တော် ခပ်ဖွဖွလေး ဆုပ်ကိုင်ခဲ့တာတောင် သဲပွင့်တွေ လွှင့်ဖိတ်ခဲ့တယ်။ ငတိမလေး ကျွန်တော့်ကို ပြာပြာသလဲ ပြောပြတယ်... `အချစ်ဆိုတာ မာရသွန်ပြေးနေတာနဲ့ တူတယ်။ တာထွက်ကောင်းပေမယ့် တာဝင်လိမ့်မယ် ဘယ်သူမှ တစ်ထစ်ချ ပြောပြလို့ မရနိုင်ဘူး´တဲ့.... ကျွန်တော် တာထွက်မကောင်းခဲ့သလို တာဝင်လဲ နှေးကွေးခဲ့တယ်။ အဆိုးရွားဆုံးက သူ့နှလုံးသား ခြေထိုးပြီး လှဲချခြင်းခံခဲ့ရတာပဲ..... ပြိုလဲကျသွားမှတော့ ဇာတ်လမ်းက ပြီးပြီပေါ့ ။ ရုပ်ရှင်ဆန်အောင် The End လို့ စာတန်းထိုးလိုက်တယ်။ နေဦး..... စာတန်းမထိုးခင်လေမှာ........ ကျွန်တော် ငတိမလေးကို ပြောလိုက်တယ်....... `အချစ်ဆိုတာ ကြိုးထိန်းတဲ့ လက်နဲ့တူတယ်။ ကိုယ့်​ကိုယ်​ကို ရုပ်သေးရုပ်တစ်ရုပ် ဖြစ်ချင်ခဲ့ပြီး လက်ရဲ့ ကြိုးဆွဲရာ နောက်ကိုသာ လိုက်ပြီး ကချင်နေမိတယ်´လို့....... ငတိမလေး ကျွန်တော့်ကို မဲ့မဲ့ရွှဲ့ရွှဲ့ပဲ ပြန်ပြောတယ်.... `အချစ်ဆိုတာ ကြိုးထိန်းတဲ့ လက် ဆိုရင်တောင် အဲ့လက်ကို ဦးနှောက်နဲ့ ခိုင်းစေပစ်လိုက်မယ်´တဲ့...... ပြီးသွားပြီဗျ........ ငတိမနဲ့ ကျွန်တော်ရဲ့ဇာတ်လမ်း တကယ်ကိုပြီးသွားပြီ။ ဒါပေမယ့်... The End နောက်မှာ နောက်ဇာတ်လမ်း တစ်ပုဒ်တော့ ကပ်လိုက်လာတတ်ပါသေးတယ် :-P :-P :-P :-P

No comments:

Post a Comment