Friday, December 9, 2016

ပညာတတ်တစ်ယောက်၏ တန်ဘိုး

၁။ ပညာနဲ့ပတ်သက်တဲ့ အမြင်တစ်ခုကို ဘက်တစ်ဘက်ကတင်ပြပါမယ်။
၂။ ငယ်စဉ်တုန်က ကြားဖူးခဲ့တဲ့ ပုံပြင်တစ်ပုဒ်ရှိပါတယ်။ ကျေးလက်က လူငယ် တစ်ယောက်က မြို့တက်ပြီး ပညာသင်ယူတယ်။
တက္ကသိုလ်က ဘွဲ့ရပြီး ရွာပြန်လာတယ်။ အားလုံးက ဂုဏ်ယူပျော်ရွှင်ကြလို့ ရွာဦးကျောင်က ဆရာတော့်
ဆီသွားကန်တော့တယ်။ဆရာတော်ကလည်း ၀မ်းသာအားရ မင်းတက္ကသိုလ်ကြီးက ဘာပညာတွေသင်လာ ခဲ့သလဲ။ တပည့်တော်
ဒဿနိကဗေဒ ပညာရပ်နဲ့ဘွဲ့ရခဲ့ပါတယ်ဘုရား။ `အေး.....ကောင်း၊ အတော်ဘဲ ငါ့ကျောင်းက တိုင်ကပ်နာရီကြီး ပျက်နေတာ
တစ်လလောက်ရှိပြီ။အဲ့ဒါ ပြင်ပေးခဲ့စမ်းကွာ´ လို့ ဆရာတော်က မိန်တယ်။ ဒီပုံပြင်က အတော်ကြာပါပြီ။ဆက်စဉ်းစားလို့ရပါတယ်။
မြန်မာစာ နဲ့သို့မဟုတ် အင်္ဂလိပ်စာနဲ့၊ သမိုင်းနဲ့ဘွဲ့ ရခဲ့ရင်လည်း နာရီတော့ ပြင်တတ်မယ်မဟုတ်ပေဘူး။

၃။ ဒီနေ့ပို့စ်မော်ဒန်တွေ ပြောကြဆိုကြ အခေါ်အပြော ရှိနေကြတာတွေ အကုန်လုံးနီးပါး ထော်လော်ကန့်လန့်တွေပါဘဲ။
သူတို့အလိုအရ ပညာဆိုတာ လက်တွေ့အသုံးဝင်ဖို့လိုတယ်။ Functional လို့ဆိုကြတယ်။ သိဖို့ထက် အသုံးချဖို့ က
ပိုအရေးကြီးတယ်။အသုံးချလို့ရမှပညာ။ ပေါ်လစီအရလည်း ကျွမ်းကျင်မှု၊ လေ့ကျင့်သင်ကြားမှု စာတွေကို အလေးပေးတယ်။
လက်တွေ့အသုံးချတန်ဘိုးကို ပိုအလေးထားတယ်။ သိရုံသက်သက် Abstract သဘောသက်သက်မဟုတ်တော့ဘူး
လက်တွေ့ကိစ္စပဓာန ပရက္ကတစ် Pragmatic သဘောပါလာပြီ ဒါစဉ်းစာစရာပါ။ ဒါပေမယ့်......။

၎။ ပညာကိစ္စပြောကြရင်........။ တရားမျှတမှုရှိတာနဲ့မရှိတာ၊ လွတ်လပ်တာနဲ့ မလွတ်လပ်တာ ငြိမ်းချမ်းတာနဲ့ ၊မငြိမ်းချမ်းတာ
၊အခွင့်အရေး ညီတူညီမျှရတာနဲ့ မရတာ၊ ဖြူစင်တာနဲ့ မဖြူစင်တာ ၊ အဲဒီတန်ဘိုးတွေကို အသေအချာကောင်းစွာ သိတာဟာ
ပညာပါဘဲ။ ကျွန်တော်အဲ့ဒီလို အယူရှိပါတယ်။ ဆက်ပြီးစဉ်းစားရင်ပညာကိစ္စမှာ အပိုင်းနှစ်ပိုင်း ရှိပါတယ်။ ကတ္တားပိုင်း နဲ့ ကမ္မပိုင်း။
ပညာကိုသင်ကြားပို့ချခြင်းဟာ ကတ္တားပိုင်းပါဘဲ။ ဆရာတွေပါမယ်။ပညာရေးအယူအဆ ပညာရေးမူဝါဒ ပညာရှင်အဖွဲ့အစည်း
တွေနဲ့အစိုးရပါဝင်ပါတယ်။ ကမ္မပိုင်း(ကံ)ပိုင်းမှာတော့ ပညာခံယူတဲ့ ကျောင်းသားလူငယ်တွေပါဘဲ။ သူတို့အမြင် ကမ္မပိုင်း(ကံ)မှာ
ကျွန်တော်တို့ရဲ အနာဂတ်ဆိုတာ ပါနေပါတယ်။ကလေးသူငယ် ကျောင်းသားကျောင်းသူ လူငယ်တွေကိုသာ ပြုစုပျိုးထောင်နေတာပါ။
အဲဒီလိုကတ္တား ကမ္မ နှစ်ဦးနှစ်ဖက် ပညာကိစ္စကို ဆောင်ရွက်ကြရပါတယ်။ အထက်က စကားစဉ်နဲက ဆက်ရင်
တရားမျှတခြင်း၊မမျှတခြင်း လွတ်လပ်ခြင်း၊ မလွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ မငြိမ်းချမ်းခြင်း၊ အခွင့်တူညီမျှရခြင်း မရခြင်း၊ ဖြူစင်ခြင်း၊
မဖြူစင်ခြင်း ဆိုတဲ့ တန်ဘိုးတွေကို အသေအချာ ကောင်းစွာသိတဲ့သူက ကလေးသူငယ်များအပါအ၀င် နိုင်ငံ့အနာဂတ်
ကိုအဲ့ဒီတန်ဘိုးတွေ နှုန်းစံတွေကိုသိအောင် သင်ကြားပို့ချတာဟာ ပညာရေးကိစ္စ ဆောင်ရွက်ခြင်းပါဘဲ။

၅။ ပညာရဲ့ တရားကိုယ်သဘောက  အထက်က တင်ပြခဲ့တဲ့ ၊အဖြူနဲ့ အမည်းကိုကောင်းစွာခွဲခြားတတ်ခြင်း ခွဲခြားသိခြင်း
ပါဘဲ။လူသားရဲ့အမြင့်ဆုံးသော နှုန်းစံ၊ လူဖြစ်ခြင်းရဲ့ အမြင့်ဆုံးသော လက္ခဏာရပ် လူရဲ့အမြင့်ဆုံးသော တန်ဘိုးတွေကို ခွဲခြားသိခြင်း လို့လည်းဆိုနိုင်ပါတယ်။ ဒါပေမယ့်အဲ့ဒါတွေကို သိရုံသက်သက် ဟာ Abstract ဖြစ်တယ်။ ရေပေါ်က အရုပ်ပါဘဲ။ အဲဒီနှုန်းစံတွေ
တန်ဘိုးတွေကို လက်တွေ့ ရယူဘို့တည်ဆောက်ဘို့ အရေးကြီးလှပါတယ်။ ပို့စ်မော်ဒန်တွေ ဒီနေ့ ပြောနေကြတဲ့ Function အသုံး ၊
Functional Value အသုံးတန်ဘိုးတို့နဲ့ နှိုင်းယှဉ်ချိန်ကြည့်သင့်ပါတယ်။ သဘောအချုပ်ကတောက တရားမျှတတဲ့ လူ့အဖွဲ့အစည်း
လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း ငြိမ်းချမ်းတဲ့လူ့အဖွဲ့အစည်း အခွင့်အရေးမှန်သမျှ ဟာ တူညီမျှခံစားခွင့်ရှိကြတဲ့ လူ့အဖွဲ့အစည်းကို
တည်ဆောက်ရာမှာ ပညာက  လက်ရင် ပဓာန အဓိက ပါဝင်နေပါတယ်။

၆။ စကားစဉ်ကိုချုပ်ရရင် ..........ပညာရဲ့တန်ဘိုးဆိုတာ သို့မှမဟုတ် သဘောတူထား ပြီးပြောရင် ပညာတတ်တစ်ယောက်ရဲ့တန်ဘိုး
ဆိုတာ သူ့လူအဖွဲ့အစည်းကို လူသားတို့ရဲ့ အမြင့်ဆုံးနှုန်းစံ တန်ဘိုးများဖြစ်တဲ့ တရားမျှတခြင်း လွတ်လပ်ခြင်း
ငြိမ်းချမ်းခြင်းခွင့်တူညီမျှရခြင်း ဖြူစင်ခြင်းတွေနဲ့ ပြည့်စုံအောင် တည်ဆောက် ထူထောင်ရာမှာ သူဘယ်လောက်ဘယ်ပုံဘယ်နည်း
ပါဝင်နိုင်တယ်။ ပါဝင်တယ်ဆိုတဲ့ အပေါ်မှာ မူတည်ပါကြောင်း.......... ကျွန်တော် ထိုသို့အယူရှိပါကြောင်း။

Credit
ဇော်ဇော်အောင်

                   မိုးမြင့်ဦး

No comments:

Post a Comment