စာမေးပွဲနှင့်အဆုံးသတ်ခြင်း
ဒီရာသီစာမေးပွဲချိန်တိုင်း ငေးကြည့်မိတဲ့အရာ
အရင်လိုမဟုတ်တဲ့ မင်းအိမ်ရှေ့ကဒန်းလေးပေါ့
မတူဆို....
အဓိပ္ပါယ်တူ စကားလုံးကွဲတွေသုံး
နားလည်မှုအစပျောက်ပုံက နှစ်ဖက်လုံးစိမ်းလိုက်တဲ့
မီးပွိုင့်တစ်ခုလိုပဲ အခြေအနေတွေ
ရှုပ်ထွေးကြပ်တည်းသွားခဲ့ကြတယ်
မီးကိုလူသားတွေ တွေ့တာကံကောင်းတယ်နော်
တဟူးဟူးနွေလေပွေရူးထဲ ဆံပင်တွေ
ကခုန်အောင် သူရမ်းတယ် ပြီးမှ
အချစ်ကို လူသားတွေ တွေ့တာပိုကံကောင်းတယ်
နဲနဲတော့ စိတ်အိုက်လာတယ် ဆက်ဦးမှ
စစ်ပွဲကို လူသားတွေတွေ့ရှိတာကျ ကံဆိုးတယ်
မျက်လုံးကလည်ကလည် မူပိုပိုနှုတ်ခမ်းနဲ့
မဟုတ်ဘူး
စစ်ပွဲဖြစ်စေတဲ့ အကြောင်းကို တွေ့တာက ပိုကံဆိုးတယ်
ကဲ... အဓိပ္ပါယ်တူ စကားလုံးကွဲတွေနဲ့
ဒန်းကို ငါငေးကြည့်နေမိတယ်
ဒါပေမယ့် ဒန်းပေါ်မှာ ဘယ်သူမှမရှိဘူး
အဓိပ္ပါယ်တူ စကားလုံးကွဲတွေမရှိဘူး
ဒီရာသီစာမေးပွဲအချိန် မနှစ်ကလိုပဲ
ငါငေးကြည့်မိတယ်
မနေ့ကထိမျှော်လင့်မိသား ...
စာမကျက်ဘဲ ဥသြငှက်အထီးမကျန်ကြောင်း
သက်သေပြချင်သေးလို့
မဖြစ်လာတော့ဘူး.....
ဒီစာမေးပွဲက ငါ့အတွက်အဆုံးသတ်ပါ
No comments:
Post a Comment