နွမ်းခရေ
ဒဏ်ရာဗရပွနှင့် အပ်ကြောင်းထပ်နေတဲ့
ချစ်တယ် စကားလုံးကို သူအမုန်းဆုံးပဲတဲ့လေ
နှုတ်ဆက်တဲ့ စကားလုံးလေးလှတယ်
ကျွန်မက ညပျော်ကြက်တဲ့
ငါးစာကျွေးတဲ့ လက်တွေ ရပ်တန့်သလိုပဲ
စကားသံတွေ ဆိတ်သုန်းသွားတယ်
တကယ်ဆိုရင်.. ...
တိတ်ဆိတ်ခြင်းအသံက ပို၍ပင် ကျယ်လောင်သည် မဟုတ်လား?
သူမဘဝက ခါးတယ်
အသိတွေဝါး သတိတွေမှား အထိတွေများပြီး
ညပျော်ကြက် ဖြစ်သွားခဲ့တာ မဟုတ်ကြောင်းတော့
ရွှေမြင်တင်နဲ့ ရေလည်ကို သက်သေတည်လို့
ယမကာနံ့တွေ ထုံမွှန်းနေတဲ့ရင်ခွင်တွေ
မယားကြီးငုတ်တုတ်နဲ့ ရင်ခွင်တွေမှာ
အခြေမဲ့ အနေမဲ့ဆို အသေဖဲ့ချင်တဲ့
မသူတော်စိတ်ပိုင်ရှင်တွေကြောင့်မဟုတ်ရင်
ဘာအကြောင်းကြောင့်မှ ဝင်မမှီချင်သူတဲ့
သေသောက်သူလက်ထဲက ဆိတ်သူငယ်လို
အလပ္ပါယ်ဆရာလက်ထဲက မြွေနဂါးလို
အပူတွေသောက်လိုက်တဲ့ မိခင်လောင်းဗိုက်ထဲက
သန္ဓေသားဦးခေါင်းလို
ဘယ်သူဖြစ်ချင်မှာတဲ့လဲ
အပြုံးက တက်ကြွလန်းဆန်းတယ်
မျက်လုံးက အားမာန်အပြည့်နဲ့မို့
အကြည့်တွေက တောက်ပလွန်းတယ်
ပေတရာဝဲယာက ဘုတ်တွေပေါ်မှာ
ဝေဒနာမကြေညာသူ
သက်သေအဖြစ် မျက်ရည်စတွေ ကျမပြသူ
လျှောက်ချင်လို့ လျှောက်လျှောက်
မလျှောက်ချင်ပဲ လျှောက်လျှောက်
နောက်လှည့်မရမှတော့ လမ်းခွဲတစ်ခုထိဆက်လျှောက်မယ်ဆိုသူ
အရမ်းလှတယ်.... သူက နွမ်းနေတဲ့ခရေလိုပဲ
ရနံ့တစ်ခုလို အနာဂတ်က လေထုထဲလွှင့်လို့
လမ်းခွဲမရောက်ခင် လပိုင်းအတွင်း
နွမ်းခရေကို ကြမ်းခြေလိုသူတွေ
ဖိနပ်တွေနဲ့ ကင်းပါစေဆုတောင်းရင်း
ရောင်ခြည်မျှော်ရင်း အမှောင်ထဲ လမ်းလျှောက်ကြဦးစို့
No comments:
Post a Comment